Home »  Articles in Arakanese

Government in exiles view on Rohingya issue

Mizzima News
2/9/2009

ရိုဟင်ဂျာအရေး အန်စီဂျီယူဘီ အမြင်     

အင်တာဗျူး 
သန်းထိုက်ဦး    
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 09 2009 18:25 - မြန်မာစံတော်ချိန် 


ချင်းမိုင် (မဇ္ဈိမ) ။     ။ ပြည်ထောင်စု မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု ၁၀၀ ကျော်တွင် ရိုဟင်ဂျာ ဟူသည့်လူမျိုး ပါဝင်မှု လုံးဝမရှိကြောင်း မြန်မာစစ်အစိုးရက  ပြီးခဲ့သည့် လကုန်ပိုင်းက ထုတ်ဖော် ငြင်းပယ်ခဲ့သည်။  

ထိုင်းနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တရားမ၀င် ၀င်ရောက်ခဲ့သော ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံမှ လာရောက်ခြင်း ဖြစ်သည်ဟူ၍ ပြည်ပ မီဒီယာများတွင် ဖော်ပြပြီးနောက် စစ်အစိုးရက ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။  

ရိုဟင်ဂျာများအရေးနှင့် စပ်လျဉ်း၍ မြန်မာစစ်အစိုးရ၏ ငြင်းပယ်မှုအပေါ် ပြည်ပရှိ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) မှ နိုင်ငံခြားရေးရာ တာဝန်ခံ ဦးဘိုလှတင့်အား မဇ္ဈိမ သတင်းထောက် သန်းထိုက်ဦးက မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

မြန်မာနိုင်ငံမှာ ရှိတယ်လို့ဆိုတဲ့ ရိုဟင်ဂျာလူမျိုးတွေကို မြန်မာစစ်အစိုးရက နိုင်ငံသား မဟုတ်ဘူးလို့ ပြောတဲ့အပေါ် ညွန့်ပေါင်းအစိုးရအနေနဲ့ ဘယ်လိုမြင်ပါသလဲခင်ဗျ။  

ဒါကတော့ တကယ်တမ်း ဆိုလို့ရှိရင်တော့ နအဖက အစိုးရတရပ် မဟုတ်ပါဘူး။ မြန်မာနိုင်ငံကို တရားမ၀င် လက်နက်အားကိုးနဲ့ အာဏာသိမ်းထားတဲ့ စစ်အာဏာရှင် တစုသာလျှင် ဖြစ်တယ်။ သူတို့ဟာ ပြည်သူလူထုက ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရတရပ် မဟုတ်တဲ့အတွက် ကျနော်တို့ တိုင်းပြည်ထဲမှာရှိတဲ့ ပြည်သူလူထုကို ဘယ်သူဟာတော့ဖြင့် တိုင်းရင်းသား ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာကို သူတို့ အသိမှတ်ပြုပိုင်ခွင့် မရှိသလို ငြင်းပယ် ပိုင်ခွင့်လည်း မရှိဘူးလို့ ပြောချင်ပါတယ်။  

မြန်မာတိုင်းရင်းသား လူမျိုးစုတွေထဲမှာ ရိုဟင်ဂျာ မပါဘူးလို့ပြောတဲ့ နအဖရဲ့ ပြောဆိုချက်က ဘာကို ရည်ရွယ်ချင်တာ၊ ဆိုလိုချင်တာလဲဗျ။  

ဒါကတော့ သူ့ အယူအဆနဲ့သူ ရှိပါလိမ့်မယ်။ တကယ်တမ်းက နအဖ က ဗဟုသုတ အတွေးအမြင်လောက်နဲ့ ရိုဟင်ဂျာ လူမျိုးဆိုတာ မရှိဘူးလို့ ငြင်းပယ်ချင်တဲ့ သဘောလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျနော်တို့ အနေနဲ့လည်းပဲ ဒီအချိန်မှာ ဆိုလို့ရှိရင်တော့ ရိုဟင်ဂျာလူမျိုး ရှိခဲ့တယ်၊ မရှိဘူးဆိုတဲ့ အငြင်းပွားဖွယ်ရာ ကိစ္စမျိုး ကျနော်တို့ အတိအကျ ဘာမှ ပြောနိုင်တာ ရှိမှာ မဟုတ်ပါဘူး။  

ညွန့်ပေါင်းအစိုးရ (NCGUB) အနေနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ကြေညာချက်တွေဘာတွေ ထုတ်တာလည်း မရှိသေးဘူးပေါ့နော်။ ကြေညာချက်ထုတ်ဖို့ အစီအစဉ် ရှိသလား။ 

ကျနော်တို့က Statement ထုတ်ဖို့ထက် အခု ဒီ ရိုဟင်ဂျာ အဖွဲ့အစည်းတွေနဲ့တော့ အစဉ်အမြဲပဲ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားရေးအတွက်ကို ကျနော်တို့လည်း ဆက်ဆံမှုလည်း ရှိပါတယ်၊ ပူးပေါင်း ဆောင်ရွက်မှုလည်း ရှိပါတယ်။ သို့သော်လည်းပဲ အခုဖြစ်နေတဲ့ ကိစ္စတွေမှာ ကျနော်တို့ ရိုဟင်ဂျာနာမည် သုံးတာကအစ (Sensitive) ဖြစ်နေကြတဲ့ လူမျိုးစုလည်း ရှိသလို အစုအဖွဲ့တွေလည်း ရှိနေတဲ့အတွက် ကျနော်တို့ အင်မတန်မှ သတိထားပြီးတော့ ကိုင်တွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။  

NCGUB အနေနဲ့ လက်တွေ့အားဖြင့် ဘာတွေ ပူးပေါင်း ဆောင်ရွက်နိုင်မှာလဲဗျာ။  

တကယ်တမ်းဆိုရင်တော့ ဒီလိုကိစ္စတွေဟာ ခုနက ကျနော်ပြောသလိုပဲ အများဆုံး ဆောင်ရွက်နိုင်တာက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ထွန်းကားအောင် ရိုဟင်ဂျာ အင်အားစုတွေ၊ ရိုဟင်ဂျာ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ စုပေါင်းပြီး ပူးပေါင်းဆောင်ရွက်သွားနိုင်တာပဲ ရှိတယ်။  အစကတည်းက သူတို့ကို ကျနော်တို့ ပြောပါတယ်။ ခုနက ကျနော်ပြောခဲ့သလို ရိုဟင်ဂျာ လူမျိုးဆိုတာ တိုင်းရင်းသား ဖြစ်တယ် မဖြစ်ဘူး၊ ရိုဟင်ဂျာလို့ ခေါ်သင့်တယ်၊ မခေါ်သင့်ဘူးဆိုတဲ့ ကိစ္စတွေကို ကျနော်တို့ ငြင်းပယ်ပိုင်ခွင့် မရှိသလို အသိမှတ်ပြုပိုင်ခွင့် အာဏာလည်း ကျနော်တို့မှာ မရှိဘူး။ ဒီလိုကိစ္စမျိုးဟာ တကယ် နောင်တချိန်မှာ၊ ကျနော်တို့တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှုလည်း ရှိမယ်။ ပြည်သူ့လွှတ်တော်တရပ်လည်း မားမားမတ်မတ်၊ တည်တည်တံ့တံ့လည်း ရှိမယ်။ လွတ်လပ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေလည်း ရှိတယ်ဆိုတဲ့ အချိန်ကျမှ ပြည်သူ့လွှတ်တော်ရဲ့အောက်မှာ ဖွဲ့စည်းတဲ့ ကော်မရှင်ဟာမျိုးနဲ့၊ သမိုင်းသုတေသီတွေ ပညာရှင်တွေနဲ့ စနစ်တကျ ဖြေရှင်းအပ်တဲ့ ကိစ္စဆိုတာ ကျနော်တို့ သူတို့ကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားလည်း  ဖြစ်ပါတယ်။  

ရိုဟင်ဂျာ လူမျိုးတွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နေကြတယ်လို့ ဆိုပါတယ်။ နအဖ ကလည်း ငြင်းထားတယ်။ ဆိုတော့ ဒီ လူမျိုးတွေဟာ ရှေ့ဆက်ပြီး ဘာတွေ ဖြစ်လာနိုင်မလဲပေါ့နော်။ ဘယ်လိုမြင်လဲဗျ။  

ရခိုင်ပြည်နယ်အတွင်းမှာ ရှေးအဆက်ဆက်က နိုင်ငံရေးအရ အမှားအယွင်းတွေလည်း ရှိခဲ့ပါတယ်။ အဲဒီ နိုင်ငံရေး အမှားအယွင်းတွေကြောင့်မို့ တိုင်းပြည်တပြည်နဲ့ ထိစပ်နေတဲ့၊ ဆိုလိုတာက နယ်ခြားချင်း ထိစပ်နေတဲ့ တိုင်းပြည်တွေမှာ လူဝင်မှု ပြဿနာတွေလည်းပဲ ရှိခဲ့မှာပဲ။ အဲဒီလို ရှိတဲ့အခါမှာ ကျနော်တို့ တိုင်းပြည်မှာ အင်မတန် ကောင်းမွန်ပြီးတော့ စနစ်ကျတဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ ရှိသင့်တယ်။ အဲဒီလို ဥပဒေတွေလည်း တည်တံ့နိုင်တဲ့ ခေတ်ရောက်မှသာလျှင် ဒီလို ပြဿနာတွေဟာ ကျနော်တို့ ဒေသခံတွေ ဖြစ်တဲ့ လူမျိုးတွေလည်း မနစ်နာအောင်၊ ကျန်တဲ့ ရှေးအဆက်ဆက်က ရှိလာတယ်ဆိုတဲ့ လူတွေရဲ့ အခွင့်အရေးတွေ မဆုံးရှုံးအောင် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ အခု ခေတ်မယ်တော့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုတောင် မရှိတဲ့ အချိန်မျိုးမှာတော့ ဒီလိုကိစ္စမျိုးဟာ စဉ်းတောင်စဉ်းစားလို့ ရမှာ မဟုတ်ပါဘူး။

 

 


Title: Government in exiles view on Rohingya issue
Author: Mizzima News
About Author:
Date: 2/9/2009
Page Hits: 1318
Bookmark This Page: Digg this article! Del.Icio.Us this article! Reddit this article! Mister Wong this article! Technorati this article! Furl this article! Spurl this article! Netscape this article! Add this article to My Yahoo! Newsvine this article!

Comments

Not found any comment. You can be the FIRST one to write a comment for Government in exiles view on Rohingya issue POST COMMENT!

Comment Form

Name:
Email:
Subject
Comment
 

Disclaimer

All views, opinions and comments expressed in the news and articles published in this website are of its own authors and they do not represent this website, its volunteers and its owner unless otherwise mentioned as Administrator, admin, Site Owner, Rakhapura.com or www.rakhapura.com.