Home »  Articles in Arakanese

Burmese atrocities in Minbya Township, Arakan (Rakhaing) State, Burma

Narinjara News
11/11/2008

မင်းပြားတပ်ရင်းများက လူထုအပေါ် စော်ကားအနိုင်ကျင့်မှု သတင်းဖြစ်စဉ် 
 
၁၁၊ ၁၁၊ ၀၈ (တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့) ည(၁၀)နာရီခန့်အချိန်တွင် မင်းပြားမြို့ (၃၇၉)တပ်ရင်းနှင့် (၄၅၁)တပ်ရင်းမှ ဗိုလ်အဆင့်ရှိသူ (၈)ဦးခန့်သည် မင်းပြားမြို့ မြောင်းဘွေလမ်းနှင့် ရုံးတက်လမ်းခွဆုံအနီး ဦးမြင့်ဦး (မြန်မာ့ဂုဏ်ရည်အကျိုးဆောင် လုပ်ငန်း) အိမ်ရှေ့၌ အရက်မူးပြီး ရမ်းကားနေကြစဉ် စက်ဘီးစီးလာသည့် လူငယ်တဦးနှင့် ၎င်းတို့ ဆိုင်ကယ်တိုက်မိမလိုဖြစ်ရာ အကြောင်းမဲ့အပြစ်ရှာပြီး ထိုလူငယ်ကို ရိုက်နှက်ခြင်း၊ အနီးရှိလူငယ်များကို ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်းများပြုလုပ်ပြီး တောင်းပန်၍ပင်မရခဲ့ကြပါ။ ထိုတပ်မတော်သားများမှာ တပ်မတော်ဝတ်စုံဖြင့်မဟုတ်ဘဲ အရပ်ဝတ်ဖြင့် အရက်သောက်ပြီး မြို့ထဲ၌ ရမ်းကားနေကြခြင်းဖြစ်သည်။ ထိုဗိုလ်ဆိုသူများမှာ ဦးမြင့်ဦးတို့နေအိမ်၌ သောက်လိုက် စားလိုက်နေကြသူများဖြစ်သည်။ ထိုစဉ်က ရဲမြို့နယ်မှူးလည်းရှိနေပါသည်။ ရဲမြို့နယ်မှူးမှာလည်း တပ်ဘက်မှပြောင်းလာသူဖြစ်ပြီး တပ်နှင့်နီးစပ်သူဖြစ်သည်။ ဦးမြင့်ဦး ဆိုသူမှာလည်း တပ်ဘက်ဆိုင်ရာအရာရှိများ၊ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းပြီး အခွန်ရှောင်အကျိုးဆောင်လုပ်ငန်းများ လုပ်ကိုင်နေသူတဦးဖြစ်သည်။

ထိုအရက်သမားရမ်းကားလူတစုမှာ ဆဲဆိုပြီးတပ်ပြန်သွားကာ တပ်မှ အင်အားဖြည့်ခေါ် လာသည်။ (၃၇၉)တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးနိုင်ဝင်းအေး ဦးဆောင်ပြီး ဗိုလ်ကြီးဇေယျာထွန်း၊ ဗိုလ်အောင်ဖြိုးသူ၊ ဗိုလ်ကျော်နိုင်စိုး၊ ဗိုလ်စည်သူအောင်၊ ဗိုလ်အောင်မိုးထွဋ်၊ ဗိုလ်အောင်မိုးထွန်း၊ ဗိုလ်ခန့် မင်းဇော်တို့ပါဝင်လျှက် အကြပ်တပ်သား စုစုပေါင်း အင်အား (၃၀)ကျော်ခန့်သည် စစ်ကားကို မြို့ထဲသို့ မီးမဖွင့်ဘဲ မောင်းဝင်လာကြ သည်။ ကားပေါ်၌ တပ်နှင့်တွဲပြီး အလောင်းကစားလုပ်ငန်းများ၊ တရားမ၀င်လုပ်ငန်းများ လုပ်ကိုင်နေသူ အောင်ကျော်မိုး(ဘ) အောင်ဝင်း(တပ်ထွက်၊ ကွယ်လွန်)ပါလာကြောင်း၊ ဦးမြင့်ဦးနှင့် အောင်ကျော်မိုးတို့၏ သတင်းပေးချက်အရ မင်းပြားမြို့ စက်လှေဆိပ်ကမ်းအနီး သစ်တောရုံးဝင်းထဲ၌ ဒေသဓလေ့အရ ထမင်းချက်စားနေကြသည့် လူငယ်တစုရှိရာသို့ ကားရပ်ပြီး ဒလကြမ်းဝင်ရောက်ဖမ်းဆီးကာ ပစ္စတိုသေနတ်များဖြင့် ရင်ဝ၊ နဖူးများကို တည့်ထားပြီး ခလုပ်နှိပ်ရန်အဆင်သင့်ပြင်ထားကြကြောင်း၊ အားလုံးကို ငုတ်တုတ်ထိုင်စေပြီး လက်အစုံကို ခေါင်းပေါ်ယက်တင်ခိုင်းထားကြောင်း “မော့မကြည်နဲ့” ပစ်သတ်ပစ်ဟုပြောပြီး အသင့်ပါလာသော သံတုတ်များဖြင့် ရိုက်နှက်ကြကြောင်း၊ ထိုစဉ်က ထမင်းချက်စားနေကြ သူများမှာ ၁။ ထွန်းအေးကျော် (ဘ)ဦးသာထွန်းလှ (အလယ်ပိုင်းရပ်ကွက်) ၂။ မောင်လှဆန်း(ဘ) ဦးအောင်သာကျော် (ဦးစိုးတင့်ရပ်ကွက်) ၃။ ဖိုးလှပြည့်(ဘ) ဦးငမဲတောင် (အောက်ရွာပိုင်းရပ် ကွက်) ၄။ ညီညီအောင်(ဘ) ဦးကျော်ဝ (အောက်ရွာပိုင်းရပ်ကွက်) ၅။ ညီညီစိုး(ဘ)ဦးဝလုံးချေ (အလယ်ပိုင်းရပ်ကွက်) ၆။ ဦးထွန်းလင်း(ဘ) ဦးထွန်းအေးမောင် (အောက်ရွာပိုင်းရပ်ကွက်) ၇။ ထွန်းထွန်းနိုင် ၈။ အောင်နိုင် ၉။ ညီညီထွေး ၁၀။ ဇော်ဇော်တို့ဖြစ်ကြသည်။ အားလုံးရိုက်နှက် ခံကြရပြီး ကွဲပြဲဒဏ်ရာရသူများမှာ ၁။ ထွန်းအေးကျော် (၂၄နှစ်) ၂။ မောင်လှ ဆန်း (၂၆နှစ်) ၃။ ဖိုးလှပြည့် (၂၆နှစ်) ၄။ ဦးထွန်းလင်း (၂၃နှစ်) ၅။ အောင်သိန်းဝင်း(၂၁နှစ်) ၆။ ညီညီစိုးတို့ ဖြစ်ကြသည်။

ထွန်းအေးကျော်မှာ သေနတ်ဒင်များဖြင့် ရိုက်နှက်ခြင်းခံရခြင်း၊ စစ်ဖိနပ်များဖြင့် ကန်ကျောက် ခံရခြင်း၊ ကားပေါ်မှကန်ချခံရခြင်း စသည့်ဒဏ်ရာများ အပြင်းအထန်ရရှိမှုကြောင့် အတွင်းကြေ ကာ အသက်အန္တရာယ်အတွက် စိုးရိမ်နေရသည့်အနေအထားတွင် ရှိနေပါသည်။ ထိုလူငယ်၏ ဘခင်မှာ စာရင်းစစ်ဝန်ထမ်းဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်အေးညိုမှာလည်း စာရင်းစစ်မှူးဖြစ်သည်။

ထွန်းအေးကျော်နှင့် အပေါင်းအပါများကို ရိုက်နှက်ပြီး ကားပေါ်ဆွဲတင်သွားရာ အနီးရှိ ဗီဒီယို(၂)ရုံမှ ဗီဒီယိုကြည့်သူများသိသွားသဖြင့် နောက်ကလိုက်လာရာ ထိုတပ်မတော်လူရမ်း ကားများက ထိုလူငယ်များကို မင်းပြားမြို့ ရဲစခန်းရှေ့အရောက်တွင် ကားပေါ်မှ ကန်ချထားခဲ့ကြောင်း၊ မင်းပြားမြို့တလျှောက်ဆဲဆိုသွားကြပြီး “မင်းတို့ရခိုင်တွေရဲ့ သွေးနဲ့ ခြေဆေးမယ်၊ ရခိုင်သွေးသောက်မယ်၊ ဘင်္ဂလာဒေ့ရှ်ကို စစ်မတိုက်ရတဲ့အတွက် မင်းတို့ ရခိုင်တစ်မျိုးလုံးကို ပစ်သတ်ပစ်မယ်၊ မင်းပြားတမြို့လုံးကို မီးရှို့ပြီး ပစ်သတ်ပစ်မယ်၊ မင်းတို့ ရခိုင်တွေလီးဘဲ” စသည်ဖြင့် လူမျိုးကိုထိခိုက်ပြီး ဆဲဆိုစော်ကားခဲ့ကြောင်း သိရှိရသည်။


မြင်းဦးသတင်း

ဦးမြင့်ဦး၊ မြန်မာ့ဂုဏ်ရည်အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူမှာ ကျောက်ဖြူမြို့မှ ပြောင်းရွှေ့ လာသူဖြစ်ပြီး မင်းပြားမြို့ ရုံးတက်လမ်းနှင့် မြောင်းဘွေလမ်းခွဆုံ၌ အိမ်ငှားပြီး နေထိုင်စီးပွါးရှာနေသူဖြစ်သည်။ ယခင်က မဆလ ကေဒါအဖွဲ့ဝင်တဦးဖြစ်ပြီး ကျောက်ဖြူမှ ပြဿနာဖြင့် ပြောင်းရွှေ့လာသူဖြစ်သည်။ ယခု “ဖုန်း” ဆက်သွယ်ရေးလုပ်ငန်းဖြစ်ပြီး တရားဝင်ငွေ မတရားဝင်ငွေများကို ပို့-လွှဲသည့်အလုပ်ကို လုပ်ကိုင်နေသည်။ ရခိုင်မိန့်ကလေးများကို “ဖုန်း”ဆက်သွယ်ရေးလုပ်ငန်း၌ အငှားခေါ်ထားပြီး တပ်မတော်သား အရာရှိကြီး-ငယ်များ မြင့်ဦးအိမ်၌ အမြဲလိုလို မူးယစ်သောက်စားလေ့ရှိသည်။ ရခိုင်သူလေးများကို အရက်ဝိုင်း၌ ပါဝင်အရက်ငှဲ့ပေးခိုင်းတတ်သည်။ တပ်မတော်သားများနှင့် အရက်သောက်ခိုင်းပြီး ကာမကိစ္စများ၌ အသုံးချစေခိုင်းကြောင်း သိရှိရသည်။ “ ဖါခေါင်း”ဟု မြို့ခံလူထုက သမုတ်ထားသူဖြစ်သည်။ ဆေးဆိုင်များမှ ကွန်ဒုံးများ ဘူးလိုက်ဝယ်ပြီး တပ်မတော်သားများအား ပျော်တော်ဆက်နေသူဖြစ်သည်။ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ မယက၊ ရဲမြို့နယ်မှူးတို့ကို ချည်းကပ်ပြီး သတင်းပေး စီးပွါးရှာနေသူလည်းဖြစ်သည်။ မြို့လူထုအားလည်း ဂရုမစိုက် မလေးမခန့်ပြုသည်။ နရမ်းကျေးရွာ အဝေးးပြေးလမ်းအနီးရှိ ရွာသူရွာသားတို့၏ လယ်ဧက ၂၀၀ ကျော်ကို တပ်များ၊ အာဏာပိုင်များနှင့်ချည်းကပ်ပြီး အဓမ္မရယူကာ ဆောင်းသီးနှံစိုက်ပျိုးနေသည်။ လယ်သမားများမှာ ဒုက္ခပင်လယ်ဝေနေ ကြရသည်။

ဒေသခံတောင်ယာလုပ်စားနေသော တောင်မြေများကိုလည်း ဧကရာနှင့်ချီပြီး အတင်းအဓမ္မ ဂရမ်လုပ်ထားသည်။ မယကဥက္ကဌ ဇော်မြင့်သိန်းလက်ထက်ကတည်းက မယကရံပုံငွေကို အကြောင်းပြကာ စားကျက်မြေဧကပေါင်းများစွာကို နိုင်ထက်စီးနင်းသိမ်းပိုက်ခဲ့သည်။


တရားခံများ

၁။ ဗိုလ်ကြီးဇေယျာထွန်း ၃၇၉ တပ်ရင်း ၂။ ဗိုလ်အောင်ဖြိုးသူ ၃။ ဗိုလ်ကျော်နိုင်စိုး ၄။ ဗိုလ်စည်သူအောင် ၅။ ဗိုလ်အောင်မိုးထွဋ် ၆။ ဗိုလ်ခန့်မင်းဇော် ၇။ ဗိုလ်စိုးပိုင်ဦး ၅၄၁ တပ်ရင်း ၈။ ဗိုလ်စည်သူအောင် ၉။ ခမရ (၃၇၉)မှ ဗိုလ်မှူးနိုင်ဝင်းအေးပါ စစ်သည် (၃၀)ခန့်တို့ ဖြစ်သည်။

နောက်နေ့နံနက်၌ လူရမ်းကားခေါင်းဆောင် ဗိုလ်မှူးနိုင်ဝင်းအေး (ဒုတပ်ရင်းမှူး)ကိုယ်တိုင် မယကရုံးသို့ရောက်လာပြီး မယကဥက္ကဌ ဦးနေလင်းထွန်း၊ (၄၅၁ တပ်ရင်း၊ (၃၈၀)တပ်ရင်းများမှ ဒုတပ်ရင်းမှူးများ၊ ရဲမြို့နယ်မှူး၊ သတင်းညှိုနှိုင်းအဖွဲ့တို့ လျှို့ဝှက်အရေး ပေါ်အစည်းအဝေးပြုလုပ်ပြီးကာ သတင်းထိမ်ဝှက်ထားရန် ကြံစည်ခဲ့ကြောင်း၊ သတင်းမပို့၍ မဖြစ်သည့် အနေအထားရောက်မှ နောက်ကျစွာသတင်းပို့ခဲ့ကြကြောင်း၊ တန်ဆောင်မုန်း လပြည့်နေ့ နေ့လည် ညနေအချိန်ရောက်မှ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့၊ မယက၊ ရဲ၊ စရဖ၊ သတင်းအဖွဲ့တပ်ဖွဲ့များက သတင်းပေးပို့ခဲ့ကြကြောင်း၊ မင်းပြားရဲစခန်း၌ ထိုနေ့တနေ့ အမှုဖွင့်တိုင်ကြားချက်များကို လက်မခံခဲ့ကြောင်း၊ ရဲမြို့နယ်မှူးသန်းအောင်က ငြင်းပယ်ခဲ့ကြောင်း၊ (၂)ရက်ခန့်ကြာပြီးမှ မလွဲသာ၍ အမှုဖွင့်ခွင့်ပေးခဲ့ရကြောင်း၊ မြို့နယ်ဆရာ ၀န်ကိုလည်း တပ်မှခြိမ်းခြောက်မှုရှိကြောင်း၊ ဆေးစာကို မှန်မှန်မရေးရန် ဖိအားပေးပြော ဆိုခဲ့ကြောင်း သိရှိရသည်။

တန်ဆောင်မုန်းလပြည့်နေ့ ညနေ (၄)နာရီခန့်၌ ထိုလူမိုက်ခေါင်းဆောင်ဗိုလ်မှူးနိုင်ဝင်းအေး၊ (၅၄၁)တပ်ရင်းမှ တပ်ရင်းမှူး၊ (၃၈၀)မှတပ်ရင်းမှူး၊ မယကဥက္ကဌ နေလင်းထွန်းတို့က မြို့နယ် စာရင်းစစ်အရာရှိ ဒေါ်ခင်သန်းကြည်အား ခေါ်ယူပြီး ညှိနှိုင်းပေးရန် စေခိုင်းကြောင်၊ ဆေးရုံသွားပြီး ထွန်းအေးကျော်၏မိဘများကို တောင်းပန်ညှိနှိုင်းကာ ငွေကြေးဖြင့် လျော်ကြေးပေးမည်ဖြစ်ကြောင်း၊ တပ်မတော်လူမိုက် ဗိုလ်မှူးနိုင်ဝင်းအေးက အခင်းဖြစ်ရာ၌ ၎င်းကိုယ်တိုင်ပါဝင်သည်ကို ၀န်ခံပြီး ငွေလျော်ကြေးပေးမည်ပြောရာ ထွန်းအေးကျော်မိခင် ဒေါ်အေးခင်ညိုက မကျေနပ်နိုင်ကြောင်း၊ နိုင်ငံတော်ရှိ အမြင့်ဆုံးအထိ တိုင်ကြားမည်ဟု ပြောလိုက်ကြောင်း သိရသည်။

တန်ဆောင်မုန်းလပြည့်နေ့ ညနေ(၁၀)နာရီခန့်၌ မြို့မှလူငယ် (၂၀၀)ခန့်က ဦးမြင့်ဦးအိမ်ကို ၀ိုင်းကြစဉ် မယကဥက္ကဌနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သောရဲအဖွဲ့က ဟန့်တား လူစုခွဲခဲ့သည်။ သက်ဆိုင်ရာမှ မှန်မှန်ကန်ကန် တပြေးညီမဆောင်ရွက်ခဲ့ခြင်းကြောင့် နောက်ဆက်တွဲပြဿနာ ဆက်တိုက်ဖြစ်ပွါးလာနိုင်သည့် အခြေအနေတွင်ရှိနေပါသည်။

၁၃၊ ၁၁၊ ၀၈ (လပြည့်ကျော်တစ်ရက်နေ့) နံနက်၌ ဈေးအတွင်း “မင်းတို့ ရခိုင်တွေကို နှိမ်နှင်းဖို့အချိန်မကျသေးလို့ စောင့်ကြည့်နေတာ” စသည်ဖြင့် တပ်က ပစ်စာများချထားခဲ့ ကြောင်း သိရသည်။

ထိုနေ့ နေ့လည်၌ ဦးမြင့်ဦးမိသားစုအား မြို့နယ်ရဲတပ်ဖွဲ့မှူး အကူအညီဖြင့် မင်းပြားမှထွက်ခွါသွားနိုင်စေရန် စီစဉ်ပေးနေသည်ကို တွေ့ရသည်။ အောင်ကျော်မိုးကိုလည်း တပ်ထဲ၌ ၀ှက်ထားသည်ဟု သိရသည်။ အောင်ကျော်မိုးမှာ တပ်သင်းပေးဖြစ်ကြောင်း သိရသည်။ အခြေအနေမှာပိုဆိုးလာနိုင်ဖွယ်ရှိသည်။

၁၃၊ ၁၁၊ ၀၈ နေ့ ညဥ့် ဗျူဟာမှူးရောက်လာပြီး တပ်မှပါဝင်သူများနှင့် ရိုက်နှက်ခံရသည့် လူငယ်မိဘများအားခေါ်ယူပြီး မေးမြန်းစစ်ဆေးခဲ့ကြောင်း၊ အမှန်အတိုင်းဖွင့်ဟပြောဆိုခဲ့ ကြောင်း ဒေါ်အေးခင်ညိုက ရဲရဲရင့်ရင့် တင်ပြခဲ့ကြောင်း သိရသည်။

မြင့်ဦးကို အိမ်ရှင်မိသားစုမှ အိမ်မငှားတော့သဖြင့် မယကဥက္ကဌထံ အကူအညီတောင်း၍ မယကဥက္ကဌက ၀င်ရောက်ဖြေရှင်းခဲ့ရသည်။ မြင့်ဦးနေသည့်အိမ် မီးရှို့ခံရမည်ကို မြို့လူထုက စိုးရိမ်နေကြရသည်။

ထွန်းအေးကျော်ကို အခြေအနေမကောင်း၍ (၁၄၊ ၁၁၊ ၀၈)နေ့တွင် စစ်တွေဆေးရုံသို့ ဆေးကုသမှုခံယူခွင့်ပေးခဲ့ကြောင်း သိရသည်။

သတင်းပို့သူ
မြို့မိမြို့ဘများ
မင်းပြားမြို့


Title: Burmese atrocities in Minbya Township, Arakan (Rakhaing) State, Burma
Author: Narinjara News
About Author:
Date: 11/11/2008
Page Hits: 1025
Bookmark This Page: Digg this article! Del.Icio.Us this article! Reddit this article! Mister Wong this article! Technorati this article! Furl this article! Spurl this article! Netscape this article! Add this article to My Yahoo! Newsvine this article!

Comments

Not found any comment. You can be the FIRST one to write a comment for Burmese atrocities in Minbya Township, Arakan (Rakhaing) State, Burma POST COMMENT!

Comment Form

Name:
Email:
Subject
Comment
 

Disclaimer

All views, opinions and comments expressed in the news and articles published in this website are of its own authors and they do not represent this website, its volunteers and its owner unless otherwise mentioned as Administrator, admin, Site Owner, Rakhapura.com or www.rakhapura.com.